ဆေးနဲ့ ဓာတ်မတည့်ခြင်းကို ဘယ်လို ကြိုတင်သိနိုင်မလဲ
ဆေးဓာတ်မတည့်ခြင်း ဆိုတာ ဆေးတစ်မျိုးမျိုးကို သောက်လိုက်တဲ့အခါ ဒါမှမဟုတ် လိမ်းလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ ဓာတုပစ္စည်းတွေ ဓာတ်မတည့်တာကြောင့် ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေ ထုတ်လွှတ်ပေးခြင်း ဖြစ်ပါတယ်။
ဆေးဓာတ်မတည့်ခြင်းက လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။
ဓာတ်မတည့်ခြင်းကို ဘယ်လို သိနိုင်မလဲ??
ပုံမှန်အားဖြင့် ဆေးဓာတ်မတည့်ခြင်းက ဆေးသောက်ပြီး ဒါမှမဟုတ် လိမ်းပြီး နာရီဝက်၊ တစ်နာရီ အတွင်း ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖော်ပြနိုင်ပါတယ်။
များသောအားဖြင့် ဆေးဓာတ်မတည့်ခြင်းတွေ ဖြစ်ပေါ်တဲ့အခါ
- အင်ပျဉ်ထတာ၊
- အရေပြား ယားယံတာ၊
- အသားအရေတွေ နီရဲလာတာ၊
- အဖုအပိန့်တွေ ထွက်လာတာ၊
- အရေပြား ဖောရောင်လာတာ တွေ ဖြစ်နိုင်တဲ့အပြင်
အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ လက္ခဏာတွေဖြစ်တဲ့
- သွေးပေါင်တွေ ထိုးကျပြီး ရှော့ခ်ရတာ
- မူးဝေတာ၊
- ဝမ်းပျက်ဝမ်းလျှောတာ၊
- အသက်ရှူကျပ်လာတာ
- သတိလစ်တာ၊
- နှလုံးခုန်နှုန်း မြန်လာတာ စတဲ့ အခြေအနေတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။
ဒါတင်မကပဲ အရေပြားကို စစ်ဆေးခြင်း၊ သွေးစစ်ခြင်း စတဲ့ နည်းလမ်းတွေကို ကျန်မာရေးပညာရှင်တွေက ဆောင်ရွက်ပေးပြီး ဓာတ်မတည့်ခြင်း ရှိ၊ မရှိ သိရအောင် ရှာဖွေနိုင်ပါတယ်။
ဓာတ်မတည့်ခြင်း အများဖြစ်လေ့ရှိတဲ့ ဆေးဝါးတွေကတော့
- အတက်ရောဂါမှာ အသုံးပြုရတဲ့ ဆေးဝါးတွေ
- တိရစ္ဆာန်ကနေ ထုတ်လုပ်ထားတဲ့ အင်ဆူလင် အမျိုးအစားတွေ
- ကင်ဆာကုထုံးအတွက် အသုံးပြုရတဲ့ ဆေးဝါးတွေ
- Penicillin နဲ့ အခြား ပိုးသတ်ဆေးတွေ
- Sulfa ပါဝင်တဲ့ ဆေးတွေ
- ဓာတ်မှန်ရိုက်တဲ့အခါ အသုံးပြုရတဲ့ ဆိုးဆေးတွေက ဓာတ်မတည့်ခြင်းတွေ အများဆုံး ဖြစ်စေပါတယ်။
လူတော်တော်များများက ဆေးဓာတ်မတည့်ခြင်းကို သုံးစွဲပြီးမှသာ သိကြတာ ဖြစ်ပါတယ်။ ရှားပါး ဖြစ်စဉ် ဆိုပေမယ့် အခန့်မသင့်ရင် ရှော့ခ်ရတဲ့အထိ ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
ဒါ့ကြောင့် ဆေးသောက်လိုက်လို့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ကြုံတွေ့ရမယ် ဆိုရင် နီးစပ်ရာ ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင် ပြသသင့်ကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)